7/13/2013
မြန်မာ့ မိုဘိုင်းဖုန်း ရေစီးကြောင်းနှင့် သူ၏ နောက်ကွယ်မှ မြှုပ်ကွက်များ
ဇွန်လ ၂၇ ရက်နေ့၊ တကယ်ကိုပဲ ထူးခြားသည့်နေ့ဟု ဆိုရမည်။ ဘယ်ကြောင့်ဆိုသော် မြန်မာ့မိုဘိုင်းဖုန်း ရေစီးကြောင်း သမိုင်းအတွက် အပြောင်းအလဲ တစ်ခုဖြစ်စေမည့် ဆက်သွယ်ရေး အော်ပရေတာ ၂ ခုကို ရွေးချယ်ခဲ့လေသည်။ မရွေးချယ်ခင် တစ်ရက်အလိုမှာ လွတ်တော်မှာ အရေးကြီးအဆို တင်သွင်းပြီး အော်ပရေတာရွေးချယ်ဖို့ ကိစ္စကို တားဖို့လုပ်သည်။ တက်ရောက်လာသော လွတ်တော်ကိုယ်စားလှယ်များ အားလုံး သဘောတူ ထောက်ခံချက်ဖြင့် အတည်ပြုနိုင်ခဲ့သော်လည်း အစိုးရဘက်ကတော့ လက်လွန်သွားခဲ့လေပြီ။ ဇွန်လ ၂၇ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် သမ္မတရုံး ဝန်ကြီး ဦးရဲထွဋ်ရဲ့ Facebook စာမျက်နှာကနေ တစ်ဆင့် ကြေညာလိုက်လေတော့သည်။
အဲဒီကြေညာချက်နှင့်အတူ ထောက်ခံသူများ၊ မျှော်လင့်မထားသူတို့၏ ရင်ဖွင့်သံများ၊ ဝေဖန်သံများ၊ ကန့်ကွက်သံများစွာနှင့် စိတ်မကောင်းဖြစ်သူတွေ၊ အစိုးရအပေါ်၊ လွတ်လပ်ပါတယ်ဆိုတဲ့ ရွေးချယ်ရေးအဖွဲ့အပေါ် များစွာသော စကားလုံးများ ကျရောက်လာခဲ့တော့သည်။ မြန်မာပြည်မှာ လူတိုင်းဖြစ်ချင်တာကို ဖြစ်ချင်တိုင်း လုပ်ခွင့်မရလို့ ရချင်တာကိုလည်း ရချင်တိုင်းမရနိုင်တာလည်း ဖြစ်လို့နေသည်။ အကြောင်းမှာ အထူးသဖြင့် မြန်မာတေါရဲ့ မူလစိတ်ရင်းက ဖြူစင်သလောက် တစ်ခုခု စွန်းထင်သွားရင်တော့ မဲသွားတတ်သည်။ ထိရှလွယ်သည်။ ယခုလည်း ဆက်သွယ်ရေး လုပ်ငန်းအတွက်
အော်ပရေတာ ၂ ခုကို ထုတ်ပြန်လိုက်သည်။ ကျေနပ်သူများ ရှိသလို မကျေနပ်သူများလည်း ရှိနေသည့်အတွက် ဘာကြောင့် ကျေနပ်ပြီး ဘာကြောင့် မကျေနပ်လဲဆိုတာကိုတော့ အနည်းငယ်လေ့လာကြည့်ဖြစ်သည်။
ယခုအချိန်ဟာ ဗုဒ္ဓဘာသာ လူမျိုးနှင့် မွတ်စလင် ဘာသာကိုးကွယ်သူများကြား လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြပြီး တစ်ဘက်နှင့် တစ်ဘက် တင်းမာနေချိန်၊ တင်းမာမှုက ရေချိန်မြှင့်နေချိန်၊ ထိုထက်ဆိုးသည့် အချက်မှာ အမေရိကန် အခြေစိုက် သြဇာအာဏာ ကြီးမားလှသည့် TIME မဂ္ဂဇင်းကြီး၏ ယခုလထုတ် မဂ္ဂဇင်းတွင် ပြဿနာကို မီးမွှေးစေသည့် ဦးဝီရသူကို မျက်နှာဖုံးတင်လိုက်သည့် အဖြစ်အပျက်များ ဖြစ်ပွားနေချိန် ဖြစ်သည်။ ထိုကဲ့သို့အဖြစ်အပျက်များ ဖြစ်ပွားနေချိန် အင်းစိန်ရဲ့ အောင်ဆန်းတပ်ဦးကျောင်းမှာလည်း ရဟန်းသံဃာ အပါး ၁၅၀၀ ကျော်က အမျိုးဘာသာအတွက် စည်းဝေးနေချိန် တိုက်ဆိုင်လွန်းလှသည်ဟု ထင်မိသည်။
ဆက်သွယ်ရေးအော်ပရေတာ ခေါ်ယူရေး တင်ဒါကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်ကတော့ ယခုလိုမျိုး ရွေးချယ်တဲ့နေရာမှာ “အကူအညီရယ်၊ အစိုးရချင်း ဆက်ဆံရေးရယ်၊ ဘာသာရေးရယ် အစရှိတာတွေကို ထည့်သွင်းစဉ်းစားခြင်းမျိုးမရှိပဲ လွတ်လပ်စွာ ရွေးချယ်ထားခြင်း” ဖြစ်သည်ဟု ဆိုသည်။ ထိုထက်ဆိုးသည့် အချက်တစ်ကတော့ ကာတာအခြေစိုက် ကုမ္ပဏီဟာ ရွေးချယ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ကြိုတင်သိနေတဲ့အတွက် အခုလိုမျိုး တင်ဒါအေင်သွားတာဟု ဆိုသည်။ ဘယ်လိုပဲဖြစ်ဖြစ် တင်ဒါကတော့ အောင်သွားပါပြီ။ တကယ်လို့ မကျေနပ်ဘူးဆိုရင် တရားစွဲဆိုလို့ ရတယ်လို့တော့ဆိုသည်။ ဆက်သွယ်ရေးအော်ပရေတာ ခေါ်ယူရေး တင်ဒါကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်ကပဲ တင်ဒါရွေးချယ်တဲ့နေရာမှာ အမြင်ရှုထောင့် ၈ မျိုး၊ စံသတ်မှတ်ချက် ၂၀၀ ကျော်တို့ဖြင့် လွတ်လပ်စွာ ရွေးချယ်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုသည်။
ဒါပေမယ့် တင်ဒါအောင်တဲ့ ကုမ္ပဏီနှစ်ခုမှာ တစ်ခုက ဖြစ်စေ ၃ လအတွင်း လုပ်ဆောင်ချက်များကို အောင်မြင်အောင် မစွမ်းဆောင်နိုင်ဘူး။ သတ်မှတ်ထားတဲ့ အတိုင်းမလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ နောက်ထပ်အရန်အဖြစ် ပြင်သစ်အခြေစိုက် 0range နှင့် ဂျပန်အခြေစိုက် Marubeni တို့ကို ရွေးချယ်ထားကြောင်း ဇွန်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ တင်ဒါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ အော်ပရေတာအဖြစ် လုပ်ပိုင်ခွင့် သက်တမ်းက ၁၅ နှစ်ဖြစ်သည်။ သို့သော်လည်း လုပ်ငန်းစတင်လည်ပတ်ဖိုပ အတွက်ကတော့ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှ ဖြစ်မည်ဟု ဆိုသည်။
ထိုကဲ့သို့ အစိုးရနှင့် လွတ်တော်အကြား ကွဲလွဲမှုများကြောင့် လေ့လာသူများက အစိုးရနှင့် လွတ်တော်ကြားမှာ အပ်ကြောင်းများ ရှိနေသော်လည်း ဇွန်လ ၂၇ ရက်နေ့တွင် လွတ်တော် အစည်းအဝေးတွင် ထပ်မံကန့်ကွက်ခြင်းမျိုး မရှိပဲ ရွေးချယ်မှုကို ဆက်လက်စောင့်ကြည့် သွားမည်ဟု ဆိုလာသည်။ အဆိုပါ ရွေးချယ်မှုများနှင့် ပတ်သက်ပြီးလည်း ဇွန်လ ၂၇ ရ့်နေ့ လွတ်တော်အစည်းအဝေးသို့ ဆက်သွယ်ရေးဝန်ကြီး ဦးမြတ်ဟိန်း လာရောက်ရှင်းပြခဲ့သည်ဟု ဆိုသည်။ အစိုးရအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှုကို ဆက်လက်ဆောင်ရွက်သွာမည် ဖြစ်သော်လည်း တင်ဒါအောင်မြင်သော ကုမ္ပဏီများအနေဖြင့် ချက်ချင်းလက်ငင်း လုပ်ငန်းအကောင်အထည်ဖော် နိုင်ဦးမည် မဟုတ်ကြောင်း အော်ပရေတာ ရွေးချယ်ရာတွင်လည်း လုပ်ထုံး လုပ်နည်းများဖြင့် အညီရွေးချယ်ခွင့်ပြု သွားမည်ဖြစ်ကြောင်း အပါအဝင် အစိုးရ၏ မူဝါဒများကို ရှင်းလင်းပြောဆိုခဲ့ကြောင်း တို့ကို ပြောကြားသွားခဲ့သည်။ အဲဒီအတွက် လွတ်တော်ဘက်တော့ တုန့်ပြန်မှုမရှိတော့ပေ။
ဒါပေမယ့် နောက်ထပ်ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိုတော့ စောင့်ကြည့်ရဦမှာ ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ လွတ်တော်ကနေ အဆိုပါ ထုတ်ပြန်ကြေညာချက်ကို ရွေ့ဆိုင်းဖို့အတွက် လွတ်တော်အမတ်များအားလုံး မတ်လ ၂၆ ရက်နေ့ လွတ်တော်အစည်းအဝေးမှာ သဘောတူခဲ့ကြပေမယ့် တင်ဒါရွေးချယ်ရေးအဖွဲ့ကတော့ မူလသတ်မှတ်ထားတဲ့ ရက်အတိုင်းပဲ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကိုတော့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်းကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင် ပြည်ပကို ထွက်ခွာသွားနေတဲ့အတွက် မလုပ်နိုင်သေးပဲ ပြန်လာချိန်မှာတော့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်မည်ဖြစ်ကြောင်းလည်း ကြားသိရသည်။ ဘာပဲဖြစ်ဖြစ် ကြေညာချက်ကတော့ ထုတ်ပြန်ပြီးသွားပြီမို့ ပြန်ပြင်လို့မရနိုင်တော့ပါဘူး။ ဒီတော့ ဘယ်လိုမျိုး ရှေ့ဆက်စခန်းသွားမလဲဆိုတာကိုပဲ စောင့်ကြည့်နေဖို့ ဖြစ်သည်။
ဒီတော့ ယခုရသွားတဲ့ ပြည်ပကုမ္ပဏီ နှစ်ခုနှင့် ပြည်တွင်းကုမ္ပဏီ နှစ်ခုတို့ ဘာတွေ လုပ်ကြမလဲဆိုတာ အနည်းငယ် လေ့လာကြည့်ရအောင်။ မြန်မာဆက်သွယ်ရေး လုပ်ငန်းကတော့ အားလုံးသိပြီး ဖြစ်တဲ့ အစိုးရပိုင် လုပ်ငန်းတစ်ခုဖြစ်ပြီး ယခု တပ်မတော်ပိုင် MECTel ကပါ အော်ပရေတာမှာ ပူးပေါင်းသလိုမျိုး ဖြစ်လာသည်။ အခြားသူများ မရှိခင် တစ်ဗိုလ်တည်း မင်းမူနေခဲ့ပြီး ဆက်သွယ်ရေးလုပ်ငန်းကြီး တစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားခဲ့သည်။ ဈေးနှုန်းတွေကို အမျိုးမျိုးကစားခဲ့သည်။ တယ်လီဖုန်းလိုင်းပေါင်းမျိုးစုံကို ချထားပေးခဲ့သည်။ ထို့ကြောင့် ပြည်တွင်မှာ လက်ရှိ မိုဘိုင်ဖုန်းလိုင်း အမျိုးအစားအဖြစ် GSM, CDMA 450 MHz, CDMA 800 MHz ဖုန်းလိုင်းများအပြင် အခြားသော Broadband Wimax လိုမျိုး ဝန်ဆောင်မှုများလည်း ပေးခဲ့သည်။ ယခုနောက်ပိုင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အများပိုင်အဖြစ် ပြောင်းလဲမည်ဟု ကြေညာထားသည်။ သို့သော် ယခုအချိန်အထိတော့ ကွဲကွဲပြားပြား မရှိသေးပေါ။ သို့သော်လည်း ဆက်သွယ်ရေး လုပ်ငန်း၏ ဝက်ဆိုက်တွင် ဖော်ပြချက်များအရ ၂၀၁၂- ၂၀၁၃ ခုနှစ်တွင် တယ်လီဖုန်း သိပ်သည်းဆကို ၁၀ ရာခိုင်နှုန်းအထိ ရရှိစေ၇န် ဆောင်ရွက်လျှက်ရှိပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင်တော့ ၅၀ ရာခိုင်နှုန်းအထိ လည်းကောင်း၊ ၂၀၁၅- ၂၀၁၆ ခုနှစ်တွင် နိုင်ငံတစ်ဝန်းလုံး၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိကို တိုးတက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ကုမ္ပဏီကို အများပိုင်အဖြစ် ၂၀၁၄ ခုနှစ်တွင် ပြောင်းလဲမည် ဖြစ်ပြီး Myanmar Public Company Limited အဖြစ်ပြောင်းလဲ ဖွဲ့စည်းသွားမည် ဖြစ်သည်။
ရတနာပုံတယ်လီပို့ ကုမ္ပဏီကတော့ မြန်မာပြည်တွင်းက အိုင်တီလုပ်ငန်းနယ်ပယ်မှသူများ ပါဝင်ထားသည့် ကုမ္ပဏီ တစ်ခုဖြစ်သော်လည်း အဆိုပါ ကုမ္ပဏီ၏ အစုရှယ်ယာပိုင်ဆိုင်မှုတွင်တော့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကုမ္ပဏီအားလုံး၏ ရှယ်ယာ ထက်ဝက်ကျော်ကို ပိုင်ဆိုင်သည်ဟု ဆိုသည်။ ဒါက အများပိုင်အဖြစ် မပြောင်းလဲခင်က ထည့်ဝင်ထားသော မြန်မာ့ဆက်သွယ်ရေး၏ ပိုင်ဆိုင်မှုဖြစ်ပြီး ယခု အများပိုင်အဖြစ် ပြောင်းလဲလိုက်သည့် အချိန်မှစတင်ကာ ရှယ်ယာပါဝင်မှုများအလိုက် နောက်ဆုံးတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရှယ်ယာအားလုံး၏ ၅ ရာခိုင်နှုန်းအထိသာ ပိုင်ဆိုင်တော့မှာ ဖြစ်ကြောင်း ဆိုသည်။ ထိုအတူပဲ ရှယ်ယာများကိုလည်း ခေါ်ဆိုထားပြီး ရှယ်ယာတစ်စုလျှင် သိန်းတစ်ထောင်ဖိုးအထိ ရှယ်ယာ ထည့်ဝင်နိုင်မှာ ဖြစ်သည်။ ရှယ်ယာဝင်ထားသည့် ရာခိုင်နှုန်း သိန်းသုံးထောင်ကျော်ပါက BOD (Board Of Director) ဖြစ်ပါဝင်နိုင်မည် ဖြစ်ပြီး BOD တွေကိုတော့ မဲပေး ရွေးချယ်မှာ ဖြစ်သည်။ လောလောဆယ်တော့ ရတနာပုံတယ်လီပို့ဟာ မြန်မာ့ဆက်သွယ်ရေးနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေပေမယ့် ၂၀၁၄ ခုနှစ်မှာ အော်ပရေတာ အဖြစ် ၄ ခု ဖြစ်လာချိန်မှာတော့ သီးခြားရပ်တည်သွားမည် အနေအထားဖြစ်သည်။
Telenor ကုမ္ပဏီကတော့ နော်ဝေအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး နော်ဝေအစိုးရ၏ အစုရှယ်ရှာ ၅၄ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်သည်ဟု ဆိုသည်။ ဥရောပနှင့် အာရှ တစ်ခွင်တွင် နိုင်ငံပေါင်း ၁၁ နိုင်ငံရှိ ဈေးကွက် ၁၁ ခုတွင် မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက် ၂၁၄ သန်းကျော်ရှိသည့် ကမ္ဘာ့အဆင့် ၉ ရှိသော ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် အော်ပရေတာ အဖြစ် ရွေးချယ်ခံရပြီး ၂၀၁၄ ခုနှစ် ဒုတိယ ၃ လပတ် အတွင်းမှာ စတင်ရောင်းချပေးနိုင်မယ်လို့ ဆိုသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး လုပ်ဆောင်ချက်ကတော့ ထိုင်းနိုင်ငံမှာ မြန်မာဘာသာ၊ မွန်ဘာသာဖြင့် ဆက်သွယ်ရေး ဝန်တောင်မှုပေးခြင်းနှင့် Call Center များဖြင့် ဝန်တောင်မှုပေးခြခင်းများကို ဆောင်ရွက်ပေးထားသည်။ ထူးခြားတာက မြန်မာနိုင်ငံသား ဝန်ထမ်းများကို ၉၀ ရာခိုင်နှုန်းအထိ ခန့်အပ်သွားမည်ဟု ဆိုသလို ရေရှည်အတွက် ထိုင်းနိုင်ငံရှိ တယ်လီနော်ကိုင် dtac ကုမ္ပဏီက ဖွင့်လှစ်လျက်ရှိသည့် ဆက်သွယ်ရေး သင်တန်းကျောင်းမှ မြန်မာသင်တန်းသားတွေကို လက်ခံသင်ကြားပေးမည် ဖြစ်သည်။
Qtel နှင့် Qatar Telecom အမည်ဖြစ်သော Ooredoo မှာကာတာ နိုင်ငံပိုင် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၇ နိုင်ငံတွင် အသုံးပြုသူပေါင်း ၉၁ သန်းကျော် ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် မတ်လကုန်ပိုင်းလောက်မှာ တယ်လီဖုန်းတွေကို စတင်ရောင်းချမည်ဟု ဆိုသည်။ ယခုလက်ရှိ အချိန်ထိတော့ ပြည်တွင်းမှာ ဘာလုပ်ဆောင်ချက်မှ မရှိသေးပဲ မြန်မာပြည်ရုံးခွဲပင် မဖွင့်ရသေးပေ။ ၂၀၀၆ ခုနှစ်တွင် Economic Award ရရှိဖူးပြီး လန်ဒန်စတော့ ဈေးကွက်သို့လည်း ဝင်ရောက်နိုင်ခဲ့သည်။ အဓိက လုပ်ဆောင်သည့် လုပ်ငန်းများကတော့ Mobile Service Provider, Wireless Services နှင့် Wire-Line Services များကို လုပ်ဆောင်သည်။ ပြည်တွင်းမှာတော့ ဘယ်လို ဝန်ဆောင်မှုတွေ ပေးမလဲဆိုတာ သေချာမသိသေးပေ။ အင်တာနက်မြန်နှုန်းကိုတော့ တစ်စက္ကန့်ကို 1.3 MB အထိ အင်တာနက်မြန်နှုန်း ပေးစွမ်းနိုင်သည်ဟု ဆိုသည်။
အချုပ်အားဖြင့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းတွင် အော်ပရေတာပေါင်း ၄ ခုအထိ ရှိလာမည် ဖြစ်ပြီး မိမိတို့ကြိုက်နှစ်သက်ရာ ကုမ္ပဏီမှ ဖုန်း၊ အင်တာနက် အစရှိသည်များကို လွတ်လပ်စွာ ဝယ်ယူနိုင်မည်ဖြစ်သည်။ လွတ်လပ်စွာ ရွေးချယ်မှုများ အပြင် လွတ်လပ်စွာ ဈေးကွက်ပြိုင်ဆိုင်မှုများ ရှိလာပါက ဖုန်းများ၏ ခေါ်ဆိုခ နှုန်းထားများမှာလည်း ဈေးကျသွားဖွယ်ရှိသည်။ ထိုအတူ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်ဖွယ် ရှိသော်လည်း နောက်ထပ် ထွက်ပေါ်လာဦးမည့် မမြင်နိုင်သော မြှုပ်ကွက်များကိုတော့ စောင့်ကြည့်ရမှာ ဖြစ်သည်။
Ref & Credit: Smart Pro Journal
Myanmar Mobile App Website
Subscribe to:
Post Comments (Atom)
No comments:
Post a Comment